Monday, March 19, 2012

ဆိတ်ကွယ်ရာကို ကျုံ့လာတဲ့ နည်းပညာသစ်များ


ဆိတ်ကွယ်ရာကို ကျုံ့လာတဲ့ နည်းပညာသစ်များ

BY NET GUIDE JOURNAL
နိုင်ငံသားတိုင်းရဲ့ ပုဂ္ဂလ အခွင့်အရေး (ပရိုက်ဗေစီ)ကို အသိအမှတ်ပြု ကာကွယ်ပေးရိုး ထုံးစံ ရှိတယ်။  ဒါပေမဲ့ အဲဒီ ပရိုက်ဗေစီကို ပိုမို သိမ်မွေ့စွာနဲ့ ပိုမို အလှမ်းကျယ်စွာ ထိပါးလာနိုင်တဲ့ နည်းလမ်းတွေဟာ အစိုးရအတွက် အခွင့်အလမ်း တစ်ခု ဖြစ်လာတယ်။ အသစ်ရှာဖွေ တွေ့ရှိမှုတွေနဲ့ တီထွင် ဖန်တီးမှုတွေကလည်း အစိုးရတွေအတွက် ဒီလို အခွင့်အရေးတွေကို အတတ်နိုင်ဆုံး စွမ်းဆောင်ပေးနေတယ်။ ပရိုက်ဗေစီ အခွင့်အရေး ဆိုင်ရာ ပြဿနာကို ပထမဆုံး တင်ပြခဲ့သူကတော့ ၁၉၂၈ ခုနှစ်မှာ တာဝန်ယူ ထမ်းဆောင်ခဲ့သူ တရားရုံးချုပ် တရားသူကြီး လူးဝစ် ဘရန်ဒေးစ်ပါပဲ။ ယနေ့ခေတ်မှာတော့ သူတွေးထင်ထားတာထက် အများကြီး ရှေ့ကို ရောက်လာတဲ့ စုံစမ်း ထောက်လှမ်းရေး နည်းပညာသစ်တွေ ပေါ်ထွန်းနေပြီ ဖြစ်တယ်။ စစ်အေးတိုက်ပွဲ နိဂုံးချုပ်ပြီး နောက်ပိုင်းမှာ စုံစမ်းထောက်လှမ်းရေး နည်းပညာသစ် တိုးတက်ဖွံ့ဖြိုးမှုဟာ အလွန်မြန်ဆန်လာတယ်။

ပုခက်တွင်းမှ ခေါင်းတလား၊ ဘဏ်စာအုပ်မှ လျောင်းစက်ရာအိပ်ခန်း အထိ ကျယ်ပြန့်လွန်းတဲ့ နယ်စည်းမခြား စုံစမ်း ထောက်လှမ်းရေး Website ကြီးကို ဖန်တီးပေးခဲ့တယ်။ ကာကွယ်ရေး ဌာနဆိုင်ရာ လုပ်ငန်းတွေက နည်းပညာသစ်တွေကို တိုးတက် ဖွံ့ဖြိုးစေတယ်။ အဲဒီ နည်းပညာသစ်တွေဟာ ဥပဒေစိုးမိုးရေး နယ်ပယ်၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အတွင်းသို့ ဖြန့်ခွဲ ဝင်ရောက်နေကြတယ်။ အဲဒီအချိန်မှာပဲ ခေတ်မမီတော့တဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းတွေက နည်းပညာ အသုံးပြု ထိပါးစော်ကားမှုတွေ ကျယ်ပြန့်လာခြင်း အပေါ် စစ်ဆေး ကာကွယ်ပေးနိုင်စွမ်း မရှိဘူး။ ဘရန်ဒေးစ်ခေတ်မှသည် ၁၉၆၀ ပြည့်လွန် နှစ်များအထိ စုံစမ်း ထောက်လှမ်းရေး နည်းပညာတွေ မဖွံ့ဖြိုးသေးဘူး။ စုံစမ်း ထောက်လှမ်းလိုသူတွေထဲ လက်လှမ်းမီသမျှ ချဉ်းကပ်ပြီး တကောက်ကောက် လိုက်နောက်ယောင်ခံတဲ့ နည်းလမ်းတွေပဲ ရှိသေးတယ်။ အဲဒီ လူတွေထံမှ စုံစမ်း မေးမြန်းရသမျှကို လက်နှိပ်စက်နဲ့ ရိုက်ပြီး သတင်းပေးကြတယ်။ ဒီအစီရင်ခံစာတွေကို ဗီရိုကြီးတွေထဲမှာ ဖိုင်တွဲပြီး သိမ်းဆည်းထားကြတယ်။

အီလက်ထရောနစ် စုံစမ်း ထောက်လှမ်းရေး ဆိုတာကလည်း အလားတူ ခေတ်မမီသေးဘူး။ အရှေ့ဂျာမနီမှ လျှို့ဝှက် ရဲတပ်ဖွဲ့ဟာ သတင်းပေး ၅၀၀,၀၀၀ အလုပ်ခန့်ထားပြီး အဒီအထဲမှ ၁၅,၀၀၀ ခန့်က အရပ်သားချင်း ဆက်သွယ် ပြောဆိုမှုတွေက ကြားဖြတ်ခိုးယူ နားထောင်ပြီး သတင်းရယူခဲ့တယ်။ သတင်းအချက်အလက် အမြောက်အမြားကို ဗဟိုဌာန တစ်ခုထဲမှာ စုဆောင်း သိမ်းဆည်းပြီး လိုအပ်သလို ဆောင်ရွက်နိုင်တဲ့ စွမ်းအားမြင့် ကွန်ပျူတာတွေ ဖန်တီးနိုင်ခြင်းဟာ စုံစမ်းထောက်လှမ်းရေး လုပ်ငန်းကြီးက တော်လှန် ပြောင်းလဲပစ်ခဲ့တယ်။ ဥပဒေ စိုးမိုးရေးဆိုင်ရာ Application တွေ တီထွင် ဆန်းသစ်ရေးအတွက် ငွေတွေ ပုံအောကြတယ်။ အုပ်ချုပ်ရေးက ပိုမို ထိရောက်စေပြီး ကျယ်ပြန့်စွာ လွှမ်းမိုးနိုင်တဲ့ ကွန်ပျူတာ အသုံးပြုစနစ်သစ်တွေကို အသုံးပြုခဲ့တယ်။ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍကလည်း အကျိုးအမြတ်တွေ ရနိုင်သမျှရအောင် ယူဖို့အတွက် စူးစမ်း လေ့လာကြတယ်။ တယ်လီဖုန်း ခရက်တစ်ကတ်၊ ဘဏ်နဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်းတွေက လက်ကုန်ဖွင့် ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ စွမ်းဆောင်နိုင်မှုကို တိုးတက်ဖွံ့ဖြိုး စေရုံမျှသာမကဘဲ မားကတ်တင်းနဲ့ အခြား လုပ်ငန်းအစီအစဉ်တွေအတွက် ကွန်ပျူတာအသုံးချမှုကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့တယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှ လူတိုင်းနီးပါးရဲ့ သတင်းအချက်အလက်တွေကို အစိုးရနဲ့ ကော်ပိုရေးရှင်းတွေက စုဆောင်းထားတဲ့ ခွဲခြားစိတ်ဖြာ သုံးသပ်ထားတဲ့ ဖြန့်ဖြူးထားတဲ့ ရာပေါင်းများစွာသော Database တွေထဲမှာ ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထားတယ်။ ပြီးတော့ အဲဒီကွန်ပျူတာတွေကို ချိတ်ဆက်ထားပြီး ၎င်းတို့ရဲ့ ဆိုက်ဘာ အတင်းအဖျင်းနဲ့ သတင်းတွေကို မျှဝေ ဖလှယ်ကြတယ်။ ယနေ့ခေတ်မှာ တိုးတက် ဖွံ့ဖြိုးလာတဲ့ မျိုးဗီဇ၊ ဆေးသုတေသန၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ ခေတ်မီ သယ်ယူပို့ဆောင်ရေးစနစ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ အရွှေ့အပြောင်းတွေရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ပိုမို ရယူနိုင်လာတယ်။ စစ်အေးတိုက်ပွဲ အလွန်မှာတော့ အစိုးရတွေရဲ့ စုံစမ်းထောက်လှမ်းရေး အဖွဲ့တွေဟာ လမ်းကြောင်းသစ်တွေ ရှာဖွေပြီး လှည့်ပြောင်းလာကြတယ်။ စီးပွားရေးနယ်ပယ်နဲ့ ဥပဒေစိုးမိုးရေး နယ်ပယ်မှ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကို ဇောင်းပေးလာကြတယ်။ အကြမ်းဖက်ဝါဒ၊ မူးယစ်ဆေးဝါး မှောင်ခိုနဲ့ တရားမဝင် ငွေမည်း တိုက်ဖျက်ရေး ကဲ့သို့သော လုပ်ငန်းတွေကို အာရုံစိုက်လာကြတယ်။

ခေတ်မီ ကွန်ပျူတာတွေနဲ့အတူ စုံစမ်းထောက်လှမ်းရေး ကိရိယာတွေကို ထုတ်လုပ် ရောင်းချကြတယ်။ ဒီစုံစမ်းထောက်လှမ်းရေး ကိရိယာတွေဟာ ဥပဒေစိုးမိုးရေး၊ နယ်စပ်လုံခြုံရေး၊ လူမှုဖူလုံရေး အသင်းအဖွဲ့ ကဲ့သို့သော လုပ်ငန်းတွေမှာ အသုံးပြုတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသုံးပြုဖို့အတွက်လည်း ဒီကိရိယာတွေကို အမြောက်အမြား ထုတ်လုပ် ရောင်းချကြတယ်။ ကော်ပိုရေးရှင်းတွေကလည်း စုံစမ်းထောက်လှမ်းရေး နည်းပညာတွေကို အသုံးပြုပြီး ဈေးကွက်နဲ့ ဖောက်သည်ရရှိရေးနဲ့ ဝန်ထမ်းတွေကို စောင့်ကြည့်ထိန်းချုပ်ရေး လုပ်ငန်းတွေကို လက်မနှေးစွာ ဆောင်ရွက်လာကြတယ်။ ဒီနည်းပညာတွေဟာ အကြမ်းဖျင်းအားဖြင့် စုံစမ်း ထောက်လှမ်းရေး၊ သတ်မှတ် အတည်ပြုရေးနဲ့ ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ဖြင့် သုံးလွန်းတင် ကြိုးတစ်ချောင်းသွယ် ဖန်တီးထားခြင်း ဖြစ်တယ်။ ယခင်ခေတ်မှာ အိပ်မက်ပမာမျှသာ ကြံဆနိုင်တဲ့ စုံစမ်းထောက်လှမ်းရေး စိတ်ကူးတွေဟာ ယနေ့ခေတ်မှာ အဟုန်ပြင်းစွာ အကောင်အထည် ပေါ်နေကြတယ်။ Identification Card တွေကို ရောမခေတ်ကတည်းမှ စပြီး အသုံးပြုခဲ့တယ်။ ကျေးကျွန်၊ စစ်သားနဲ့ အရပ်သားတွေကို ခွဲခြား သတ်မှတ်ပေးထားတဲ့ ကတ်တွေပဲ။ တောင်အာဖရိကနိုင်ငံမှာ အသားအရောင် ခွဲခြားတဲ့ ခေတ်တုန်းက ထုတ်ပေးတဲ့ Passbook ကလည်း ID ကတ် အမျိုးအစားထဲမှာ ပါဝင်နေတယ်။

ယခုခေတ်မှာတော့ ဓာတ်ပုံ၊ လက်ဗွေ၊ သံလိုက်စက်ကွင်း အသုံးပြု စစ်ဆေးခြင်းနဲ့ မိုက်ခရိုချစ်ပ်တို့ကို အသုံးပြုပြီး စုံစမ်း ထောက်လှမ်းနိုင်ဖို့ ဖန်တီးထားတယ်။ ဥရောပတိုက်မှာ ကျယ်ပြန့်စွာ အသုံးပြုနေတဲ့ Smart Card (စမတ်ကတ်) တွေရဲ့ မိုက်ခရိုချစ်ပ်က စာမျက်နှာပေါင်းများစွာ ဖော်ပြနိုင်တဲ့ သတင်း အချက်အလက်တွေကို စုဆောင်းနိုင်တယ်။ အဆင့်မြင့် အမြင်အာရုံခံ နည်းပညာကို အခြေပြု ထုတ်လုပ်တဲ့ ချစ်ပ်တပ်ဆင်တဲ့ ကတ်တွေက ဆေးကုသမှုဆိုင်ရာ မှတ်တမ်းတွေကို စာမျက်နှာပေါင်း ရာချီပြီး စုဆောင်းပေးနိုင်တယ်။ လုပ်ငန်းပေါင်းမျိုးစုံကို မှတ်တမ်းတင်ပေးနိုင်တဲ့ ကတ်တွေ  ထပ်မံ ပေါ်ထွက်လာလိမ့်မယ်။ ခန္ဓာကိုယ် အမှတ်အသား တိုင်းတာချက်မှုပြုတဲ့ လက်ဗွေရာကို ၁၉ ရာစု နှောင်းပိုင်းမှာ စတင် အသုံးပြုခဲ့တယ်။ အခုတော့ အီလက်ထရွန်နစ် Scan အသုံးပြု စနစ်တွေနဲ့ လက်ဗွေရာတွေကို ဒစ်ဂျစ်တယ်ပြု နည်းစနစ်တွေကို အသုံးပြုလာတယ်။ သမားရိုးကျ နည်းစနစ်တွေထက် မနှိုင်းယှဉ်သာလောက်အောင် တိုးတက် ဖွံ့ဖြိုးလာမှုပဲ။

ပြစ်မှုဆိုင်ရာ စုံစမ်း ထောက်လှမ်းမှုတွေ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်စေနိုင်တယ်။ အလိုအလျောက်စနစ်ဖြင့် လက်ဗွေရာ သတ်မှတ် အသုံးပြုတဲ့စနစ် (AFIS) ကို ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ခဲ့တယ်။  အမေရိကန်၊ ကနေဒါ၊ နယ်သာလန်နဲ့ ဂျာမနီတို့မှာ လက်တွေ့ကို တိုင်းတာ သတ်မှတ်ပြီး စုဆောင်းထားတဲ့ စမတ်ကတ်ကို အသုံးပြုပြီး အပြည်ပြည်ဆိုင်ရာ ခရီးသည်တွေကို စစ်ဆေးတဲ့ နည်းစနစ်ကို   စတင် ကျင့်သုံးနေပြီ ဖြစ်တယ်။ ခရီးသည်တွေက အကောက်ခွန်ဌာနမှာ အဲဒီကတ်ကို ပြပြီး လက်ကို စက်မှာ စစ်ဆေးခံရမှာ ဖြစ်တယ်။ ပြီးတော့မှ Database ပေါင်း များစွာနဲ့ ချိတ်ဆက် အတည်ပြု သတ်မှတ် ဖော်ပြလိမ့်မယ်။ သတ်မှတ်ဖော်ပြရေး နည်းပညာတွေကို အလျင်အမြန် တိုးတက်ဖွံ့ဖြိုးအောင် ပြုလုပ်ဖို့ ဆန္ဒပြင်းပြနေတဲ့ အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက သတင်းအချက်အလက် စုဆောင်းခြင်း နည်းပညာတွေ တီထွင် ဆန်းသစ်ရေးအတွက် ရက်ရက်ရောရော ပံ့ပိုးပေးကြတယ်။

ယခု နည်းပညာသစ်တွေဟာ နံရံတွေကို ထွင်းဖောက်ပြီး မြင်နိုင်စွမ်းရှိသလို အဝေးမှနေပြီး ကြားနိုင်စွမ်းလည်း ရှိတယ်။ ပြီးတော့ လှုပ်ရှားမှုကိုလည်း ထက်ကြပ်မခွာ နောက်ယောင်ခံနိုင်တယ်။ ရေငုပ်သင်္ဘောတွေကို စုံစမ်းထောက်လှမ်းနိုင်တဲ့ မိုက်ခရိုဖုန်း ဆက်သွယ်ရေးစနစ်တွေကိုလည်း စမ်းသပ်နေပြီ ဖြစ်တယ်။ ဒီကိရိယာတွေကို မြို့တော်ပတ်လည်မှာ တပ်ဆင်ထားပြီး သေနတ် ပစ်ခတ်မှုတွေကို ချက်ချင်း သိရှိနိုင်လိမ့်မယ်။  မှုခင်းဖြစ်ပွားရာ နေရာကိုလည်း သတင်းပေးပို့နိုင်မှာ ဖြစ်တယ်။ ရန်သူ့ တိုက်လေယာဉ်ရဲ့ တည်နေရာကို တွက်ချက် သိရှိနိုင်အောင် ဖန်တီးထားတဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ Forward Looking Infrared (FLIR) ဟာ ၀.၁၈ ဒီဂရီ စင်တီဂရိတ်မျှသာ ပြောင်းလဲတဲ့ အပူချိန် အပြောင်းအလဲကိုတောင်မှ ဖော်ထုတ်ပေးနိုင်တယ်။ လျှို့ဝှက် တိုက်ခိုက်မှုတွေနဲ့ အသေခံ တိုက်ခိုက်မှုတွေ အရှိန်အဟုန် အဆင့်တစ်ခုအထိ မြင့်လာခြင်းကြောင့် ဆိတ်ကွယ်ရာမှ ဖန်တီးမှု အသီးသီးကို ထုတ်ဖော် သိရှိစေတဲ့ နည်းပညာတွေ ဖွံ့ဖြိုးလာမှာတော့ သေချာပါတယ်။

ခင်မောင်ဇော်

မိုဘိုင်း ပိုက်ဆံအိတ် ကိုင်မလား


မိုဘိုင်း ပိုက်ဆံအိတ် ကိုင်မလား

Photo


BY IT WEEKLY
ဆဲလ်ဖုန်းက ဆဲလ်ဖုန်းလို မနေတာ ကြာလှပြီ။ နှစ်ပေါင်းများစွာပင် ဆဲလ်ဖုန်းက ဆဲလ်ဖုန်း တစ်လုံးထက် ပို၍ အစွမ်းတွေ ထက်ကာ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တာတွေ များနေသည်။  ယခုလည်း နေရာသစ်တစ်ခုကို ဝင်ကာ မဏ္ဍပ်တိုင် တက်ပြဦးမည်။ ၎င်းမှာ ဝေါ့လစ် wallet ဆိုသော ခေါက်ချိုး ပိုက်ဆံအိတ်ကလေး လိုသူက ဆောင်ရွက်ခြင်း ဖြစ်သည်။ ပြောရလျှင် ခေါက်ချိုး ပိုက်ဆံအိတ် ကလေးထဲသို့ ထိုးသိပ်ထည့်ထား တတ်ကြသော ကရက်ဒစ်ကတ် credit card (အကြွေးကတ်) နှင့် ဒဲဘစ်ကတ် debit card (ငွေထုတ်ကတ်) ကလေးများ၏ နေရာကို အစားထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။

ဆူပါမားကတ် ငွေချေ ကောင်တာကဲ့သို့ နေရာမျိုးတွင် ပလတ်စတစ်ကတ် တစ်ခု စက်ထဲသို့ ပြကာ၊ ဖြတ်သန်းကြရသည်။ ထိုနေရာတွင် အသုံးပြုသူများက သူတို့ဖုန်းကို တစ်ချက် ဝေ့ရမ်းလိုက်ရုံနှင့် ပလတ်စတစ် ကတ်ကဲ့သို့ ဆောင်ရွက် ပေးနိုင်သည်။ အခက်အခဲတော့ မဆိုစလောက် တွေ့ရသည်။ ဤနည်းပညာက ဖုန်းသန်းပေါင်း များစွာတွင် ထည့်သွင်း အသုံးပြုနေပြီ ဖြစ်သော်လည်း ကုမ္ပဏီကြီးများ အကြားအတွင်း ကြိတ်ကြိတ်၍ ဖြစ်ပွားနေသော တိုက်ပွဲကြောင့် မိုဘိုင်းဝေါ့လစ် mobile wallet ပိုက်ဆံအိတ် နည်းပညာ ကျင့်သုံးမှုက (အမေရိကန် ပြည်ထောင်စု) တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာဘဲ လေးဖင့်နေသည်။

မိုဘိုင်းဖုန်း ဝန်ဆောင်သူ ကုမ္ပဏီများ၊ ဘဏ်များ၊ ကရက်ဒစ်ကတ် ထုတ်ပေးသူ ကုမ္ပဏီများ၊ ငွေပေးချေမှု ကွန်ရက်များနှင့် နည်းပညာ ကုမ္ပဏီများက ဤမိုဘိုင်းဝေါ့လစ် ပိုက်ဆံအိတ်များကို လွှမ်းမိုးဖို့ အစိုင်းပြင်းကြီး စိုင်းပြင်းနေကြသည်။ သို့သော် အရေးကြီးသည်က တစ်ယောက်ချင်းစီက မည်သည့်ကဏ္ဍတွင် တာဝန်ယူမည်။ မည်မျှ ငွေကြေး မျှဝေခံစားမည်ဆိုတာ ခွဲခွဲခြားခြားဖြစ်ရန် လိုအပ်နေခြင်း ဖြစ်သည်။အသုံးပြုသူများက စက်သို့ ကတ်တစ်ခါဖြတ်လျှင် ရရှိသော အခကြေးငွေက မဖြစ်လောက်ပါဘူး ဆိုသော်လည်း ထိုကတ်ဖြတ်ခက အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာပင် ဒေါ်လာဘီလျံ (၁၀) ဂဏန်းအထိ ရှိသည်။ ထို့ကြောင့် မက်လောက်စရာ ဖြစ်သည်။

“အဲဒါက ဘယ်သူ ဝင်ငွေရမယ်ဆိုတဲ့ ကိစ္စပဲ။ Apple နှင့် Google တို့ကို ပြိုင်နေတဲ့ ဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ ပြိုင်နေတဲ့ ဘဏ်တွေလည်း ရှိမှာပဲ။ တစ်ယောက်ယောက်က ဖြေရှင်း မပေးနိုင်သရွှေ့ ဒီဇာတ်လမ်းက သံသရာ ရှည်နေမှာပဲ”ဟု မိုဘိုင်း ငွေချေးရေး ဆော့ဖ်ဝဲ ပြုလုပ်သူ ကုမ္ပဏီတစ်ခုက ပြောသည်။ ကာလကြာရှည်စွာ ဆောင်ရွက်လာကြသူများကိုလည်း ထိုကဏ္ဍတွင် တွေ့ရသည်။ Visa နှင့် Master Card တို့ကဲ့သို့ ငွေပေးချေရေး ကွန်ရက်များနှင့် ဖောက်သည်များသို့ ကရက်ဒစ်ကတ်များ ထုတ်ပေးထားသော ဘဏ်များက ထိုကဏ္ဍ၏ အဓိက လုပ်ငန်းရှင်များ အဖြစ် ဆက်လက်ရပ်တည်နေလိုပြီး၊ ကုန်သည်များထံမှ သူတို့အတွက် အခကြေးငွေများကို ဆက်လက် ကောက်ခံလိုကြသည်။ သူတို့က မဆီမဆိုင် ဝင်ရောက်လာသူများ အဖြစ် ရှုမြင်ထားသော ကုမ္ပဏီများနှင့်မှ သူတို့က ယှဉ်ပြိုင်နေရသည်။

ထိုကုမ္ပဏီများတွင် Paypal နှင့် Google တို့ ပါဝင်သည်။ Paypal နှင့် Google တို့က ငွေပေးချေမှု ပုံစံသစ်တွင် ဝင်ရောက်ပါဝင်ချင်သည်။ မိုဘိုင်း ဝန်ဆောင်မှု ကုမ္ပဏီများနှင့် Apple တို့ကလည်း ဖုန်းများ ထိန်းချုပ်မှုမှ အခကြေးငွေ ရယူချင်သည်။ ထိုအလယ်တွင် ညပ်နေသည်။ သို့သော် တကယ့်သော့ချက်ကိုမှ ကိုင်ထားသူများက လက်လီ အရောင်းကုမ္ပဏီများပင်။ သူတို့က မိုဘိုင်းငွေပေးချေမှုကို လက်ခံသော ဌာနများကို တည်ထောင်ကြရမည်။ အသုံးပြုသူ ဘက်တော်သားများက မိုဘိုင်းစနစ်များ၊ အခကြေးငွေများ တိုး၍ ကောက်ယူမှာ စိုးရိမ်နေကြပြီး၊ အသုံးပြုသူများဘက်ကရော ထိုစနစ်သစ်မျိုး လိုအပ်ခြင်း ရှိမရှိ မေးခွန်း ထုတ်ကြသည်။

“လူတွေက ဘာအတွက် ကောက်လို့ကောက်မှန်း အမြဲတမ်း မသိနိုင်တဲ့ ငွေပေးချေမှုကို လုပ်နေကြရတာလေ။ အဲဒီလို စိတ်တိုင်း မကျမှုတွေ မပါတဲ့ သိပ်အဆင်ပြေလွန်းတဲ့ စနစ်ကို ဖန်တီးဖို့ ဖြစ်နိုင်ပါ့မလား” ဟု လေ့လာသူတစ်ဦးက ပြောသည်။ မည်သို့ဖြစ်စေ ကရက်ဒစ်ကတ်နှင့် နည်းပညာ ကုမ္ပဏီများက မိုဘိုင်း ပိုက်ဆံအိတ်အကြောင်း ဆွေးနွေးလာကြတာ ဆယ်စုနှစ်တစ်ခု မကရှိခဲ့ပြီ။ သို့သော် နောက်ဆုံးတော့ လမ်းပွင့်သွားပြီဟု ဆိုနိုင်၏။ “ဟန်းဆက် ထုတ်လုပ်သူ ကုမ္ပဏီများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများရဲ့ ကတိကဝတ်များကို ရထားပြီ။ အရင်ကထက် အများကြီး အခြေအနေကောင်းလာပြီဟု ပြောလို့ရတယ်။ ပြဿနာက ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများနှင့် ကွန်ရက်နှင့် ဘဏ်တွေဟာ နေရာတိုင်းမှာ အဆင်ပြေကြမလား ဆိုတာပဲ” ဟု လေ့လာသူတစ်ဦးက ပြောသည်။

ယခုအခါ Visa နှင့် Master Card တို့က ကရက်ဒစ်ကတ် ငွေပေးချေမှုနှင့် ငွေထုတ်ယူမှုတို့ကို ချုပ်ကိုင်ထားသည်။ ကရက်ဒစ်ကတ် ငွေပေးချေမှုနှင့် ငွေထုတ်မှုတို့ကို ဘဏ်များနှင့် လက်လီကုမ္ပဏီများအကြား ဆောင်ရွက်ကြခြင်းဖြစ်သည်။ လက်လီကုမ္ပဏီများက ကတ်ထုတ်ပေးရာ ကုမ္ပဏီများအား ငွေပေးချေမှု ပြုလုပ်တိုင်း ရာခိုင်နှုန်း ခံစားခွင့်ပေးထားသည်။ Visa ကဲ့သို့ ငွေပေးချေမှု ကွန်ရက်သို့လည်း အခကြေးငွေ အနည်းငယ် ပေးဆောင်ရသည်။ အသုံးပြုသူတစ်ဦးက တစ်ဒေါ်လာ သုံးစွဲတိုင်း လက်လီကုမ္ပဏီက (၉၇) ဆင့် ရသည်။ ကတ်ထုတ်ပေးရာ ကုမ္ပဏီက ၂ ဆင့် ရရှိပြီး ကျန် ၂ ဆင့်က ငွေပေးချေမှု ပြုလုပ်ရာ ကုန်သည်၏ ဘဏ်နှင့် ငွေပေးချေမှု ကွန်ရက်တို့က ရရှိသည်။ ပါဝင်ဆောင်ရွက်သူများက မိုဘိုင်း ငွေပေးချေမှုတွင် ငွေကြေးကို မည်သို့ ခံစားရရှိမည်။ အသုံးပြုသူများက ကျခံရမှာလား။ မရှင်းလင်းပေ။

မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီများက ငှားရမ်းခကဲ့သို့ တစ်စုံတစ်ခုသော အခကြေးငွေကို တောင်းခံလာနိုင်သလို၊ ငွေပေးချေမှု အချက်အလက်များ ဖုန်းတွင်းရှိ ချစ်ဖ်ပြားထဲတွင် ထည့်သွင်းထားရေးအတွက် သဘောတူညီချက် ပြုလုပ်တာမျိုး ရှိလာနိုင်သည်။ ဖုန်းကို အခြား နည်းပညာများနှင့် ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်ပေးသော နည်းပညာများ ရှိသည်။ ထိုအထဲမှ တစ်ခုသော နည်းပညာကို near-field communication NFC ဟု ခေါ်သည်။ သို့သော်လည်း ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီများ၏ ဆွေးနွေးမှုများက အရာမထင်သေးပေ။ ငွေရေးကြေးရေး စည်းကမ်းချက်များနှင့် ပတ်သက်၍ သဘောတူညီမှု မရရှိနိုင်သေးသောကြောင့် ဖြစ်သည်။

ဘဏ်များနှင့် အဆင်မပြေသည့် အချက်က သူတို့၏ ကိုယ်ပိုင်မိုဘိုင်း ပိုက်ဆံအိတ်များ ဖန်တီးရန် Verizon, AT&T, T-Mobile နှင့် Discover တို့၏ ဖက်စပ်ပြုလုပ်မှုကို နောက်ကွယ်မှ အားပေးနေသလို ဖြစ်နေသည်။ ထိုဖက်စပ် ကုမ္ပဏီကို Isis ဟု ခေါ်သည်။ ၎င်းကို နောင်နှစ် (၂၀၁၂ ခုနှစ်) တွင် မိတ်ဆက်နိုင်မည်။ ဗြိတိန်နိုင်ငံ နာမည်ကြီး ကုမ္ပဏီ ဖြစ်သည့် Barclaycard က (ထိုဖက်စပ် ကုမ္ပဏီ အတွက်) ဖုန်းကရက်ဒစ်ကတ်များ ပထမဆုံးထုတ်ပေးသူ ဖြစ်လာမည်။ အမေရိကန် ပြည်ထောင်စုတွင် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်သွားမည်။ အမေရိကန် ပြည်ထောင်စုတွင် ဝန်ဆောင်မှုကုမ္ပဏီများ၏ ဖောက်သည် သန်း (၂၀၀၀) ခန့် ရှိသည်။ ထို့ကြောင့် “အဲဒီလို ကြီးမားတဲ့ ဖောက်သည်အုပ်စုကြီးကို အခြေခံထားပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့အတွက် အားရစရာကြီးပေါ့” ဟု Barclaycard US က ပြောသည်။ လောလောဆယ်တွင် ဘဏ်များနှင့် ကရက်ဒစ်ကတ် ထုတ်ပေးသူ ကုမ္ပဏီများက ဆဲလ်ဖုန်း ဝန်ဆောင်မှုပေးသူ ကုမ္ပဏီများနှင့် ပူးတွဲ အလုပ်လုပ်စရာ မလိုသော နည်းလမ်းတစ်ခု တွေ့ထားသည်။

Bank of America, Wells Fargo, US Bancorp နှင့် JP Morgan Chase ဘဏ်များက Visa နှင့် တွဲဖက် ဆောင်ရွက်နေသည်။ သူတို့က သူတို့၏ ကိုယ်ပိုင် ကရက်ဒစ်နှင့် ဒဲဘစ်ကတ်များ သုံးစွဲနိုင်သည့် မိုဘိုင်း ပိုက်ဆံအိတ်များကို စမ်းသပ်လျက် ရှိကြသည်။ အသုံးပြုသူများက ဖုန်းအပေါက်ထဲသို့ ထည့်ရသော ချစ်ပ်ပြားများကို သုံးစွဲထားသည်။ ထို့ကြောင့် မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှု ရှိရန် မလိုပေ။ အချို့သော ဘဏ်များက ယခုနှစ် (၂၀၁၁ ခုနှစ်) ဒုတိယနှစ်ဝက်တွင် မိုဘိုင်း ငွေပေးချေမှုစနစ်ကို စတင်ဆောင်ရွက်နိုင်မည်။ သို့သော် ချစ်ဖ်ပြားပါဝင်သော ဖုန်းမျိုးစုံကို ဝယ်ယူရရှိနိုင်ပြီ ဖြစ်သဖြင့် ထို (ငွေပေးချေမှုစနစ်) အမျိုးအစားက ထိုအချိန်တွင် ခေတ်ကုန် နေမလား မသိပေ။ ပိုက်ဆံအိတ်အားလုံးနှင့် သဟဇာတဖြစ်မယ့် ကွန်ရက်ဖြစ်လာဖို့  ဆောင်ရွက်နေကြောင်း Visa က ပြောသည်။

(လုံခြုံရေး ကိစ္စအတွက်မူ မိုဘိုင်း ပိုက်ဆံအိတ်များတွင် သင်္ကေတ စကားဝှက်ထားရန် လိုသည်။ အကယ်၍ ဖုန်းကို အခိုးခံရပါက ဖုန်းကို အဝေးထိန်းဖြင့် ပိတ်၍ရသည်။ အသုံးပြုသူများက သူတို့ဆောင်ရွက်ခြင်းမရှိသော ငွေပေးချေမှုတွင် တာဝန်မရှိပေ)Apple နှင့် Google တို့တွင် ငွေပေးချေရေးစနစ်များ ကိုယ်စီရှိပြီး ဖြစ်သည်။ Apple ၏ iTunes တွင် ကရက်ဒစ်ကတ်နှင့် ချိတ်ဆက်ထားသော အကောင့်ပေါင်း သန်း (၂၀၀)  ရှိသည်။ Google Checkout ကတော့ ထိုမျှလောက် လူကြိုက်မများပေ။ (Apple iTunes နှင့် Google Checkout) နှစ်ခုစလုံးက မိုဘိုင်း ပိုက်ဆံအိတ်အဖြစ်သို့ ပြောင်းလဲနိုင်သည်။ အသုံးပြုသူများက Apple နှင့် Google အကောင့်များဖြင့် အွန်လိုင်းဝယ်ယူခြင်း မဟုတ်သော အော့ဖ်လိုင်းဝယ်ယူခြင်းများကို ငွေပေးချေနိုင်သည်။ သို့သော် သူတို့က ဆဲလ်ဖုန်း ချစ်ဖ်ပြားများနှင့် ကုန်သည်များ၏ ကွန်ပျူတာများကို သုံးစွဲခွင့်ရယူရန် လိုသည်။ Apple ကတော့ ၎င်း၏ ကိုယ်ပိုင် ဆဲလ်ဖုန်းဆော့ဖ်ဝဲကို အသုံးပြုကာ ထိုကိစ္စများ အဆင်ပြေအောင် ဆောင်ရွက်နိုင်သည်။ Google ကမူ ထိုသို့ ဆောင်ရွက်နိုင်ခြင်း မရှိသေး။ အကြောင်းက Google က Android ဆဲလ်ဖုန်း ဆော့ဖ်ဝဲကို ထုတ်လုပ်နိုင်ပြီး ဖုန်းများကို ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

လက်လီ အရောင်းကုမ္ပဏီများ ပါဝင်ဆောင်ရွက်လာခြင်းက မိုဘိုင်း ငွေပေးချေမှု ကျယ်ပြန့်စွာ အသုံးပြုလာရေးတွင် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ကုန်သည်များက သူတို့၏ ကတ်အသုံးပြုစက်များကို အသစ်များနှင့် လဲလှယ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကုန်သည် ၅ ဒသမ ၉ ရာခိုင်နှုန်းကသာ မိုဘိုင်းငွေ ပေးချေမှုကို လက်ခံမည်ဟု ဆိုကြသော်လည်း၊ McDonald's နှင့် CVS အပါအဝင် လက်လီအရောင်းကုမ္ပဏီ အကြီးစားများက ကတ်အသုံးပြု စက်များ ရှိပြီးသား ဖြစ်နေကာ၊ အသုံးပြုဖို့ အသင့်ဖြစ်နေကြောင်း တစ်ဖက်က ပြောသည်။ အသုံးပြုသူများ၏ ငွေပေးချေမှု (၈၀) ရာခိုင်နှုန်းသည် အကြီးစားကုန်သည် (၂၀၀) ထံတွင် ဆောင်ရွက်ကြခြင်း ဖြစ်သည်။

နည်းပညာမျိုးစုံ အသုံးပြုလျက် မိုဘိုင်း ငွေပေးချေမှုက အခြားနိုင်ငံများတွင် ပိုမို ခရီးရောက်လျက်ရှိကြပြီး အာဖရိကတွင် ကရက်ဒစ်ကတ်ကို လူတိုင်း ကိုင်နိုင်ခြင်းမရှိပေ။ သို့သော် မိုဘိုင်းဖုန်းများက ငွေသားနေရာတွင် အစားထိုး ဝင်ရောက်နေပြီ ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ကုန်စုံဆိုင်များနှင့် ကားမှတ်တိုင်များတွင် မိုဘိုင်းဖြင့် ဖြတ်သန်းနေကြတာ နှစ်ပေါင်း မနည်းတော့ပေ။ “အခြားနေရာတွေမှာ လွှမ်းမိုးထားတဲ့ မိုဘိုင်း ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုထဲ ရှိချင်ရှိမယ်။ ဘဏ်အရေအတွက် နည်းနည်းပဲ ရှိချင်ရှိမယ်။ ဗဟိုဘဏ်ကလည်း တစ်ခုထဲ ဖြစ်ချင်ဖြစ်မယ်။ ဒါဆိုတော့ မော်ဒယ်လုပ်ငန်း ပုံစံတစ်ခုကို လက်ခံဖို့က ပိုလွယ်ကူသွားတာပေါ့” ဟု အခြားနိုင်ငံများတွင် အောင်မြင်နေသော မိုဘိုင်းငွေပေးချေမှုနှင့် ပတ်သက်၍ သုတေသန ပညာရှင်တစ်ဦးက ပြောသည်။

စောလျ